Facebook ထဲကို ပို့ပေးပါ့မယ် Like လုပ်ခဲ့ပါနော်

လာလည် ကြတဲ့ သူတွေကို ကျေးဇူးအများကြီးတင်ပါတယ် THANKS You ( Created By-NayMinKha )

News Post

Saturday, June 22, 2013

ကောသလမင်းကြီး၏ အိမ်မက် (၁၆) ချက်



(၁) အမေး ။ နွားနက်လေးခု၊ ဝှေ့မှုဟန်ပြင်၊ မဝှေ့ကြဘဲ၊ ရှောင်လွဲသည်မြင်။ 
အဖြေ။ အရှေ့အနောက်၊ တောင် မြောက် မိုးဆင်၊ ခြိမ်းသံပေး မိုးဝေးလွင့်ပျောက်စင်။


- အရပ်လေးမျက်နှာမှ လေးခုသော နွားလား ဥသဘတို့သည် လာလတ်၍ မင်းရင်ပြင်၌ ဝှေ့မည်ဟု တွန်မြည် ကြုံးဝါးလျက် မဝှေ့ပဲသာလျှင် ဖဲလေကုန်သည်ဟု မြင်မက်ပါသည်။


- နောင်အခါ တရားမစောင့်သော မင်းတို့ လက်ထက်၌ အရပ်လေးမျက်နှာမှ မိုးတို့သည် ရွာအံသကဲ့သို့ ထစ်ကြိုးလျက် မရွာပဲသာလျှင် ပျောက်ပျက် ကုန်လတ္တံ့။ ထိုအခါ ကောက်ပဲသီးနှံတို့ ပျက်ဆီး၍ လူတို့၌ အစာရေစာ ရှားပါး ငတ်မွတ်ခြင်း ဖြစ်လတ္တံ့။





(၂) အမေး ။ မြေကမကြွ၊ ငယ်လှသစ်ပင်၊ ဖူးငုံရင့်ပြီး၊ ပွင့်သီးတွေ့မြင်။ 
အဖြေ ။ အရွယ်မမျှ၊ ပျိုမ လုံခင်၊ သမီးသား၊ လင်ထား အိမ်ထောင်ဆင်။

- နုနယ်သေးငယ်စွာသော အပင်တို့သည် ပွင့်ကြ သီးကြသည်ကို မြင်မက်ပါသည်။


- နောင်အခါ ဆုတ်ယုတ်သောကာလ လူတို့ အသက်တန်း တိုသော ကာလ၌ ယောင်္ကျား မိန်းမတို့သည် ထက်သန် ပြင်းသော ရာဂ ရှိကုန်သည် ဖြစ်၍ ငယ်ရွယ်စဉ် အခါ၌ပင် အိမ်ထောင်ပြုခြင်း၊ သားမွေးခြင်း တို့ကို ပြုကုန်လတ္တံ့။




(၃) အမေး ။ ယနေ့ဖွားစ၊ နွားမနို့သာ၊ မိခင်နွားကြီး၊ စို့ပြီးနေရှာ။ 
အဖြေ ။ သမီးနှင့်သား၊ စီးပွားဆိုင်ရာ၊ မိနှင့်ဖ၊ ကျွေးမှစားရမှာ။

- နွားမကြီးတို့သည် မိမိတို့ မွေးစဖြစ်သော နွားမငယ်တို့၏ နို့ကို စို့သည်ဟု မြင်မက်ပါသည်။


- နောင်အခါ ကြီးသောသူတို့အား အရိုအသေပြုခြင်း ပျောက်ကွယ်သော ကာလ၌ အမိအဖ၊ ယောက္ခမ စသူတို့သည် ကိုးကွယ်ရာ မရှိကုန်သည် ဖြစ်သဖြင့် မိမိတို့၏ သားသမီး သားမက် ချွေးမ စသူတို့ထံ၌ ကပ်ရပ်၍ ငြိုငြင် ညှိုးငယ်စွာ အသက်မွေးရကုန်လတ္တံ့။






(၄) အမေး ။ နွားကြီးမကြိုက်၊ ဝန်တိုက်နွားငယ်၊ မရုန်းနိုင်ဘဲ၊ ဝပ်လဲနေတယ်။ 
အဖြေ ။ ကြီးသူပယ်ရှား၊ မြှောက်ထားလူငယ်၊ တိုင်းပြည်ရေး၊ ရှုပ်ထွေးပွေတော့မယ်။

- လှည်းတို့၌ ဝန်ကို ဆောင်နိုင်သော နွားကြီးတို့ကို မကမူ၍ နွားငယ်တို့ကိုသာ ကစေကုန်၏။ နွားငယ်တို့လည်း ဝန်ကို မနိုင်၍ လှည်းတို့ကိုလည်း ဆွဲခြင်းငှာ မတတ်နိုင်သည်ကို မြင်မက်ပါသည်။


- နောင် တရားမစောင့်သော မင်းတို့ လက်ထက်၌ အသက်ကြီး ဝါကြီး ပညာရှိကုန်သော သူတို့အား အမတ်၊ တရားသူကြီး စသော ရာထူးစည်းစိမ်တို့၌ မခန့်ထားမူ၍ အသက်၊ ဝါ၊ ပညာ ငယ်ကုန်သော လူငယ်တို့အားသာ ခန့်ထားကြလတ္တံ့။ ထိုအခါ အခွင့်အရေးမသိ၊ မတော် မမှန်ဖြစ်၍ အမှု မပြီး၊ အကျိုးမပြီး ရှိသောအခါ လူငယ်တို့သည် မိမိတို့၏ ရာထူး စည်းစိမ်ကို စွန့်ကြလတ္တံ့။ လူကြီးတို့သည်လည်း ငါတို့မှာ ပြင်ပကသာ ဖြစ်၏ဟု လျစ်လျှုပြု၍ နေကြလကုန်လတ္တံ့။ သို့ဖြစ်၍ တရားမစောင့် အမှုမပြီးကြသည်နှင့် မင်းနှင့်တကွ တိုင်းပြည်ပါ ဆုတ်ယုတ် ပျက်ဆီးကြလတ္တံ့။





(၅) အမေး ။ ခံတွင်းနှစ်ခွ၊ မြင်းလှရာဇာ၊ ကျွေးမွေးသမျှ၊ မဝနိုင်ပါ။ 
အဖြေ ။ မှူးမတ်မင်းစိုး၊ လာဘ်ထိုးသူရှာ၊ နှစ်ဘက်စား၊ တရားစီရင်မှာ။

- ခံတွင်း နှစ်ခုရှိသော မြင်းသည် ကျွေးလာသော မုယောစပါး စသည်တို့ကို ခံတွင်းနှစ်ခုဖြင့်ပင် စားသည်ဟု မြင်မက်ပါသည်။


- နောင် တရားမစောင့်သော မင်းတို့လက်ထက်၌ တရားမစောင့်သော တရားသူကြီးတို့သည် နှစ်ဖက်သော အမှုသည်တို့မှ ပေးသော တံစိုးလက်ဆောင်တို့ကို စား၍ အမှုတို့ကို မမှန်မကန် ဆုံးဖြတ်ကြကုန်လတ္တံ့။





(၆) အမေး ။ ခွေးအိုထံဆက်၊ ရွှေခွက်သိန်းတန်၊ ကျင်ငယ်အမြဲ၊ ခွက်ထဲစွန့်ပြန်။ 
အဖြေ ။ မျိုးမြတ်သမီး၊ ပစ္စည်းမက်ဟန်၊ အမျိုးယုတ်၊ လင်လုပ်ပေါင်းဆက်ဆံ။

- အဖိုးတသိန်း ထိုက်သော ရွှေခွက်ကို မြေခွေးဖိုအား ကျင်ငယ်စွန့်ရန် ပေး၏။ မြေခွေးလည်း ထိုရွှေခွက်၌ ကျင်ငယ်စွန့်သည်ဟု မြင်မက်ပါသည်။


- နောင် တရားမစောင့်သော မင်းတို့ လက်ထက်၌ အမျိုးမြတ်သော သူတို့သည် အချီးအမြှောက် မခံရ၊ ဆင်းရဲကြ၍ အမျိုးယုတ်သော သူတို့ အစိုးတရ ကြွယ်ဝ ချမ်းသာကြလတ္တံ့။ ထိုအခါ အမျိုးမြတ်တို့ အသက် မွေးခြင်းငှာ မတတ်နိုင်ကုန်သည် ဖြစ်၍ မိမိတို့ သမီးတို့ကို အမျိုးယုတ်တို့အား ပေး၍ အသက်မွေး ကြကုန်လတ္တံ့။







(၇) အမေး ။ ရှေ့ကကျစ်ချ၊ လွန်စကြိုးကို၊ ခွေးမခိုးစား၊ ကိုက်ဝါးကာမျို။ 
အဖြေ ။ လင်ကြီးပစ္စည်း၊ သိမ်းဆည်းမသို၊ လင်ငယ်အား မယားလောကွတ်ပို။

- တယောက်သော ယောင်္ကျားသည် အင်းပျဉ်၌ ထိုင်လျက် လွန်ကို ကျစ်၍ ခြေရင်း၌ ထား၏။ ထို အင်းပျဉ်အောက်၌ရှိသော ဆာလောင်သော မြေခွေးမသည် ထိုယောင်္ကျား မသိစဉ်လျှင် ထိုလွန်ကို စား၏ ဟု မြင်မက်ပါသည်။


- နောင်အခါ မိန်းမတို့သည် အစားအသောက်၊ အဝတ်၊ အနေအထိုင် စသည်တို့၌ လော်လည်ခြင်း ရှိ၍ မိမိတို့ လင်ယောင်္ကျားသည် ဆင်းရဲငြိုငြင်စွာ ရှာဖွေ စုဆောင်းအပ်သော ဥစ္စာ ပစ္စည်းတို့ကို အဝတ်အစား၊ အစားအသောက် တို့၌ လည်းကောင်း၊ သောက်စား ကစားခြင်းတို့၌ လည်းကောင်း၊ အပျော်အပါးတို့၌ လည်းကောင်း၊ သဘောက် လင်ငယ်ထားခြင်း တို့၌ လည်းကောင်း အရမ်းမဲ့လျှင် ဖြုန်းတီးလေလတ္တံ့။ ခွေးမသည် မသိ စဉ်းစား သကဲ့သို့ အိမ်သူ မိန်းမတို့သည် ဤသို့ တိတ်တဆိတ် ဖြုန်းတီး ခိုးစားကြလတ္တံ့။





(၈) အမေး ။ အိုးငယ်ချည်းနှီး၊ အိုးကြီးရေလျှံ၊ အိုးကြီးကိုဘဲ၊ ရေဆွဲလောင်းပြန်။ 
အဖြေ ။ ဆင်းရဲသူများ၊ ဝတ်စားမကျန်၊ အခွန်တွက်၊ နှိပ်စက်ငွေကောက်ခံ။

- ရေမရှိသော အိုးတို့ဖြင့် ခြံရံအပ်သော ရေပြည့်အိုးကြီး တလုံးကို မြင်ရ၏။ လူတို့သည် အရပ် ၈ မျက်နှာမှ ရေကို ယူလာကြ၍ ထိုရေပြည့်အိုးကြီး အတွင်းသို့သာလျှင် လောင်းထည့် ကြ၏။ လောင်းထည့်သော ရေတို့သည် ပြည့်လျှံ၍ ကျကုန်၏။ ဤသို့လျှင် အဖန် တလဲလဲ ရေပြည့်အိုးသို့သာ လောင်းလျှက် ရေမရှိသော အခြံအရံ အိုးတို့ အတွင်းသို့ကား မည်သူမျှ မလောင်း မထည့်ပဲ နေသည်ကို မြင်မက်ပါသည်။


- နောင်အခါ မကောင်းသော မင်းတို့ လက်ထက်၌ မင်းနှင့်တကွ လူတို့ တရားပျက်ကွက်၊ သြဇာညံ့ဖျင်း၊ ဆင်းရဲခြင်းသို့ ရောက်ကြကုန်လတ္တံ့။ ထိုအခါ မင်းအစိုးရတို့သည် ဆင်းရဲသားတို့အား မင်း၏ အကျိုးစီးပွား အတွက်ကိုသာ လုပ်ကိုင်စေအံ။ ဆောင်ရွက် စေအံ။ ထမ်းရွက်စေအံ။ သို့ဖြစ်ရကား မင်းတို့၌သာ ပြည့်စုံ အကျိုးခံစားကြရ၍ ဆင်းရဲသားတို့မှာ ရေမရှိသော အိုးတို့ပမာ တစုံတရာ မရှိ ငတ်မွတ် ခေါင်းပါးခြင်းသို့ ရောက်ကုန်လတ္တံ့။





(၉) အမေး ။ ကြာမျိုးငါးဝ၊ ပွင့်ကြရေကန်၊ ရေလယ်နောက်လျက်၊ ကမ်းဘက်ကြည်ပြန်။ 
အဖြေ ။ မြို့တွင်းပွေရှုပ်၊ ခွန်တုတ်ကောက်ခံ၊ မြို့ပြင်ထွက်၊ ပြည့်နှက်စည်ကားရန်။

-နက်ရှိုင်း ကျယ်ဝန်းသော ရေကန်ကြီး တခုတွင် သတ္တဝါတို့ ဆင်း၍ ရေသောက်ကြ၏။ ကန်၏ အလယ် ရေနက်ရာ၌ ရေသည် နောက်၍ ကန်နားဝန်းကျင် ရေတိမ်ရာ သတ္တဝါတို့ နင်းရာ၌ ရေသည် ကြည်လင်၏ဟု မြင်မက်ပါသည်။


- နောင်အခါ တရားမစောင့်သော မင်းတို့သည် မတရား အုပ်စိုးခြင်း၊ တံစိုးစားခြင်း၊ လော်လည်ခြင်း၊ သနားညှာတာ ဂရုဏာ မဲ့ခြင်း၊ ကြမ်းကြုတ် ရက်စက်ခြင်းတို့ ရှိလျှက် လူတို့အပေါ်၌ အထူးထူး အပြားပြားသော အချင်းအရာဖြင့် အခွန်အတုတ်တို့ကို ခွဲခန့် ကောက်ယူလတ္တံ့။ ထိုအခါ လူတို့မှာ တစ်စုံတစ်ရာ မပေးဆောင်နိုင် ပင်ပန်းဆင်းရဲလျက် မြို့ကြီးရပ်ကြီးတို့၌ မနေနိုင်ပဲ ရပ်စွန် ပြည်နားသို့ သွားရောက်နေကြရသည် ဖြစ်လတ္တံ့။ ကန်အလယ်တွင်နောက်၍ ကန်ဘေးတွင် ကြည်သကဲ့သို့ မြို့လယ်ရွာလယ်၌ တိတ်ဆိတ်၍ ရပ်စွန်ပြည်နား၌ လူစည်ကားလတ္တံ့။





(၁ဝ) အမေး ။ တစ်အိုးတည်းချက်၊ အကျက်မညီ၊ ထမင်းမာဆတ်၊ ပျော့နပ်သုံးလီ။ 
အဖြေ ။ မင်းနှင့်လူများ၊ တရားမညီ၊ မိုးသုံးစား၊ ကွက်ကြားရွာချမည်။

-တစ်လုံးတည်းသော အိုးဖြင့် တချိန်တည်းချက်သော ထမင်းသည် အချို့ပျော့၏၊ အချို့ မနပ်၊ အချို့နပ်၏။ ဤသို့ မြင်မက်ပါသည်။


- နောင် တရား မစောင့်သော မင်းတို့ လက်ထက်၌ မိုးကွက်ကြား ရွာလတ္တံ့။ ထိုအခါ အချို့နေရာ၌ မိုးရွာလွန်း၍ ကောက်ပဲသီးနှံ ပျက်အံ။ အချို့နေရာ၌ မရွာ၍ ပျက်အံ။ အချို့နေရာ တွင်ကား မိုးမှန်၍ ကောင်းအံ။ ဤသို့လျှင် ထမင်းအိုးတွင် မြင်သော ထမင်းကဲ့သို့ ကောက်ပဲသီးနှံ သုံးထွေ ပြားလတ္တံ့။




(၁၁) အမေး ။ မွှေးထုံနဲ့ကြူး၊ စန္ဒကူးသိန်းတန်၊ ပုန်းရည်နှင့်လဲ၊ သုံးစွဲစားပြန်။ 
အဖြေ ။ အလဇ္ဇီများ၊ တရားဖိုးတန်၊ ငွေနှင့်လဲ၊ အမြဲဟောမည်မှန်။ 

- အဖိုးတသိန်းထက်သော စန္ဒကူးနှစ်ကို ယက်တက်ပုပ်ရည်ဖြင့် ရောင်းစားသည်ကို မြင်မက်ပါသည်။


- နောင်အခါ ငါဘုရား၏ သာသနာတော် ဆုတ်ယုတ်သော ကာလတွင် လော်လည်၍ လာဘ်လာဘကို မက်မော ကုန်သော ရဟန်းအလဇ္ဇီ လူအလဇ္ဇီတို့သည် ဆွမ်း၊ ဆေး၊ ကျောင်း၊ သင်္ကန်း ဥစ္စာပစ္စည်း စသည် တို့ကို အလိုရှိကုန်သည် ဖြစ်၍ လမ်းခရီးဆုံ၊ အိမ်ဝ၊ အိမ်ကြို အိမ်ကြားတို့၌ ငါဘုရား၏ တရားတော်ကို ဟောကြားလတ္တံ့။ နိဗ္ဗာန် အလို့ငှာ ဟောတော် မူအပ်သော အလွန် မွန်မြတ်သော တရားတော်ကို တစ်ပဲ၊ တစ်မူး၊ တစ်ကျပ် စသည်တို့ အကျိုးငှာ ရောင်းစား ဟောပြော ကြသည် ဖြစ်၍ တသိန်းထိုက်သော စန္ဒာကူးနှစ်ကို ယက်တက်ပုပ်ရည်ဖြင့် ရောင်းစား သကဲ့သို့ ဖြစ်ကုန်လတ္တံ့။





(၁၂) အမေး ။ သံကြေးမပေါင်း၊ ဘူးတောင်း ဘူးအုံ၊ ရေတွင်စုပ်စုပ်၊ နစ်မြုပ်လုံးစုံ။ 
အဖြေ ။ ပညာရှိများ၊ စကားဥဿုံ၊ ပြောသမျှ၊ လောကမသုံးကုန်။

- ဘူးတောင်းတို့သည် ရေ၌ နစ်သည်ဟု မြင်မက်ပါသည်။


- နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ အမျိုးယုတ်သော သူတို့ကိုသာ ရာထူး စည်းစိမ် ပေးသည် ဖြစ်၍ အမျိုးယုတ်တို့ တန်ခိုး အာဏာ ကြီးမား ထင်ပေါ် အရာရာတွင် တွင်ကျယ်လျက် ၄င်းတို့ စကားသာလျှင် ဘုးတောင်း နစ်သကဲသို့ နစ်၍ တည်ကုန်လတ္တံ့။





(၁၃) အမေး ။ အိမ်လုံး တောင်လုံး၊ ကျောက်တုံးကျောက်ဖျာ၊ ရေမှာဘွားဘွား၊ ထင်ရှားပေါ်လာ။ 
အဖြေ။ ရဟန်းရှင်ဆိုး၊ လူဆိုးများသာ၊ ဂုဏ်ရောင်တိုး၊ တန်ခိုးပေါ်ထွက်မှာ။

- ကျောက်ဖျာကြီး ရေတွင်ပေါ်သည်ဟု မြင်မက်ပါသည်။


- နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ တော်မှန် လိမ္မာ ပညာရှိသော သူတို့၏ စကားသည် မည်သည့် အရာ၌ မဆို လေးသော ကျောက်ဖျာ ရေတွင် ပေါ်သကဲ့သို့ နစ်တည် ခြင်းမရှိ၊ မခိုင်မမြဲ ရှိကြကုန် လတ္တံ့။





(၁၄) အမေး ။ အဆိပ်ပြင်းတောက်၊ မြွေဟောက်ကြီးကို၊ ဖားငယ်မများ၊ ကိုက်ဝါးကာမျို။ 
အဖြေ။ ကညာယူထား၊ သက်ကြားဘိုးအို၊ မယားဆဲ၊ အမြဲအော်ငေါက်ဆို။

- ဖားငယ်မ တို့သည် ကြီးစွာသော မြွေဟောက်ကြီးများကို စားမြိုသည်ဟု မြင်မက်ပါသည်။


- နောင်အခါ လူတို့သည် ပြင်းသော ရာဂ ရှိကုန်သည် ဖြစ်၍ ကိလေသာ အလိုသို့ လိုက်လျက် ငယ်ရွယ်ကုန်သော မယားတို့၏ အလိုသို့ လုံးဝ လိုက်ကြကုန် လတ္တံ့။ အလုပ်အကိုင်မှု၊ ဥစ္စာ ပစ္စည်းမှု၊ ကျေးကျွန်မှု၊ စီမံခန့်ခွဲမှု စသော အရပ်ရပ်တို့၌ လင်ပေါ်တွင် လွှမ်းမိုး အုပ်စိုးခြင်းကို ပြုကြမည် ဖြစ်ရကား ဖားငယ်မသည် အဆိပ်လျင်သော မြွေကို စားမျိုသကဲ့သို့ ဖြစ်ကုန်လတ္တံ့။





(၁၅) အမေး ။ အဆင်းမည်းနက်၊ ကျီးငှက်ထံမှာ၊ ရွှေဟင်္သာများ၊ ခစားနေရှာ။ 
အဖြေ ။ ပညာသီလ၊ ပြည့်ဝသူဟာ၊ သူယုတ်အား၊ ဝပ်တွားနေရမှာ။ 

- မည်းနက် ရုပ်သွင်၊ အဆင်း ဆိုးဝါးသော ကျီးတို့ကို ရွှေ၏ အဆင်းနှင့် တူသော ရွှေဟင်္သာ တို့က ခြံရံ နေကြသည်ကို မြင်မက်ပါသည်။


- နောင်အခါ အားနည်းသော မင်းတို့ လက်ထက်၌ ထိုမင်းတို့သည် ဆင်စီး မြင်းစီး စသော အတတ်တို့၌ မလိမ္မာ၍ စစ်ထိုးခြင်း၌ မရဲရင့်ဘဲ ဖြစ်ကြကုန်လတ္တံ့။ ထိုအခါ တိုင်းပြည် နိုင်ငံ ဆုံးရှုံးမည်ကို စိုး၍ တူသော ဇာတ်ရှိသော သူကောင်းသား တို့အား အစိုးရခြင်းကို မပေးမူ၍ မိမိတို့ထံ၌ ခစား ကြကုန်သော အမျိုး ယုတ်သော ကျေးကျွန်တို့အားသာ ပေးကုန်လတ္တံ့။ သို့ဖြစ်၍ အမျိုးကောင်းသားတို့ ကိုးကွယ်ရာ မရှိပဲ အစိုးရခြင်း၌ တည်ကုန်သော အမျိုးယုတ်တို့ထံ၌ ခစားကြကုန် လတ္တံ့။





(၁၆) အမေး ။ ဆိတ်ကိုမြင်ငြား၊ ကြောက်အားပြင်းထန်၊ ခြင်္သေ့သစ်ကျား၊ ခုန်လွှားပြေးပြန်။ 
အဖြေ။သူယုတ်မာများ၊ထောင်လွှားနိုင်ငံ၊သူတော်ကောင်းပုန်းအောင်းတောမြိုင်ယံ။

- ဆိတ်တို့သည် သစ်ကို သတ်စားကြသဖြင့် သစ်တို့သည် ကြောက်လန့်လျက် ဆိတ်တို့ကို အဝေးမှ မြင်လျှင်ပင် တောချုံရှိရာသို့ ပြေးကြသည်ကို မြင်မက်ပါသည်။


- နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ အမျိုးယုတ်သော သူတို့ အစိုးရ ကုန်သည် ဖြစ်၍ အမျိုးမြတ်သူတို့ မထင်ရှား ဖြစ်လတ္တံ့။ အမျိုးယုတ် သူတို့မှာ မင်းကျွမ်းဝင်သည် ဖြစ်၍ တရားရုံးတို့၌ သြဇာအာဏာ လွှမ်းမိုးလျက် အမျိုးမြတ်သူတို့၏ ဘိုးဘပိုင် လယ်မြေ ဥစ္စာ အရပ်ရပ်တို့ကို ငါတို့ လယ်မြေဥစ္စာ ဖြစ်သည်ဟု သိမ်းယူကြ၍ တရားတဘောင် ဖြစ်လျှင် တန်ခိုးမဲ့သူတို့အား ဖိနှိပ်ပုတ်ခတ် ခြိမ်းခြောက် နှင်ထုတ်လျက် အနိုင်ကျင့် ကြကုန်လတ္တံ့။ ထိုအခါ အမျိုးမြတ်သူတို့ ကြောက်လန့် စက်ဆုတ်ကုန်သည် ဖြစ်၍ လယ်ယာ ဥစ္စာတို့ကို ပေးအပ်ကုန်လျက် အိမ်သို့ပြန်၍ အိပ်နေကြကုန်အံ။ ထိုမှ တပါးလည်း အကျင့်သီလရှိသော ရဟန်းတို့သည် အကျင့်သီလမဲ့သော ရဟန်းတို့က ချုပ်ချယ် ဖိနှိပ်ကြလေသဖြင့် တောသို့ ပြေးဝင် ပုန်းအောင်း ကြကုန်လတ္တံ့။ ဤသို့လျှင် အမျိုးကောင်း၊ သူတော်ကောင်း တို့လည်း လွတ်ရာ ကျွတ်ရာ တောတောတောင်တောင် တို့ကို ပြေးပုန်း ကြကုန်လတ္တံ့။

                                                   ...............................

Superman ဝတ်စုံသစ်တွင် အတွင်းခံမပါသဖြင့် ကာဗီးလ် စိတ်သက်သာရာရ


ဇာတ်ကားသစ်တွင် Superman၏ ဝတ်စုံ၌ အပြောင်းအလဲများစွာ ဖြစ်ပေါ်ခဲ့ပြီး ယခင်အပြာမှ အနက်ရောင်ဘက် ကူးပြောင်း ဒီဇိုင်းထုတ်ထားသလို ဘောင်းဘီရှည်ပေါ် ထပ်ဝတ်ထားသည့် နာမည်ကျော် အတွင်းခံဘောင်းဘီ အနီရောင်လည်း ပါမလာတော့ချေ။

Superman ဇာတ်ကောင်၏ နာမည်ကျော် အတွင်းခံဘောင်းဘီကို မဝတ်ရသည့်အတွက် မိမိ စိတ်သက်သာရာ ရမိကြောင်း မင်းသား ဟင်နရီ ကာဗီးလ်က အရွှမ်းဖောက် ပြောကြားခဲ့သည်။ ကာဗီးလ်သည် Superman: Man of Steelဇာတ်ကားတွင် ပါဝင် သရုပ်ဆောင်ထားသူ ဖြစ်သည်။ ယခုဇာတ်ကားသစ်တွင် Superman၏ ဝတ်စုံ၌ အပြောင်းအလဲများစွာ ဖြစ်ပေါ်ခဲ့ပြီး ယခင်အပြာမှ အနက်ရောင်ဘက် ကူးပြောင်း ဒီဇိုင်းထုတ်ထားသလို ဘောင်းဘီရှည်ပေါ် ထပ်ဝတ်ထားသည့် နာမည်ကျော် အတွင်းခံဘောင်းဘီ အနီရောင်လည်း ပါမလာတော့ချေ။ ကာဗီးလ်က အဆိုပါ အပြောင်းအလဲကို ကြိုဆိုကြောင်း၊ သို့မဟုတ်လျှင် ပရိသတ်များက မိမိကို နောက်ပြောင်နေကြမည်ကို စိုးရိမ်မိကြောင်း ပြောကြားခဲ့သည်။

The Sunနှင့် အင်တာဗျူးတွင် ကာဗီးလ်က "ခုခေတ် ချာတိတ်တွေက တော်တော်လေး အမြင်ကျယ် ဖွံ့ဖြိုးလာပြီ။ ပြီးတော့ အရင်ခေတ်က Supermanဇာတ်ရုပ်ရဲ့ လွှမ်းမိုးမှုကိုလည်း သူတို့ နားလည်မှာ မဟုတ်ဘူး။ ဒီတော့ Supermanက ဘယ့်နှယ်ကြောင့် အတွင်းခံ ဘောင်းဘီကြီး အပြင်ထုတ်ဝတ်ထားလဲ မသိဘူးလို့ သူတို့ မေးကြလိမ့်မယ်။ ကျွန်တော် ဘယ်လို ဖြေရမလဲ"ဟု ဆိုသည်။ အသက်(၃၀)အရွယ် မင်းသားက ယခုဝတ်စုံသစ်သည်လည်း မိမိအတွက် ဂွကျပ်ပြီး နေရာထိုင်ရ ခက်ခဲ့ကြောင်း ဖွင့်ဟသွားသည်။

၎င်းက "တော်တော်ကျပ်တဲ့ ဝတ်စုံဗျ။ အခက်ဆုံး ကိစ္စက အိမ်သာသွားတဲ့အခါမှာပဲ။ အပေါ့သွားဖို့တင် အချိန်တော်တော်ယူပြီး အဖွင့်အပိတ် လုပ်ရတဲ့ ဝတ်စုံပဲ။ ကျွန်တော် တော်တော်လေး စိတ်ရှည်ရှည် စောင့်ရတယ်"ဟု ရယ်ရယ်မောမော ပြောကြားခဲ့သည်။ Superman: Man of Steelကို အမေရိကန်နှင့် ကနေဒါတို့တွင် ယနေ့ စတင် ရုံတင် ပြသမည်ဖြစ်သည်။

ကမ္ဘာပျက်ပုံ ၃-မျိုး




ဤကမ္ဘာလောကကြီးသည် နှစ်ပေါင်း သိန်းသန်းမက ကြာမြင့်စွာ တည်နေပြီးနောက် သတ္တ၀ါတို့ အကုသိုလ် ထူပြောလွန်းလာသည့်အခါ ပျက်စီးတတ်၏။ ထိုသို့ပျက်စီးရာတွင်
  • ရာဂ ထူပြောလွန်းသည့်အခါ မီးဖြင့် ပျက်စီး၏။

  • ဒေါသ ထူပြောလွန်းသည့်အခါ ရေဖြင့် ပျက်စီး၏။

  • မောဟ ထူပြောလွန်းသည့်အခါ လေဖြင့် ပျက်စီး၏



အထက်ပါအကြောင်းသုံးပါးတို့တွင် မီးဖြင့် ကမ္ဘာကြီးပျက်စီးရန် နီးလာသောအခါ လောကဗျူဟာ နတ်တို့သည် နှစ်ပေါင်းတသိန်းခန့် ကြိုတင်၍ လောက၌လှည့်လည်ကာ ကြွေးကြော်ကြသည်။ ကမ္ဘာပျက်တော့မည်ဖြစ်၍ ကုသိုလ်ကောင်းမှု ပြုကြရန် သတ္တ၀ါတို့အား တိုက်တွန်းနှိုးဆော်ကြသည်၊ ထိုနတ်တို့၏ တိုက်တွန်းနှိုးဆော်မှုကြောင့် အောက်ဘုံတို့မှ သတ္တ၀ါများ ကိုသိုလ်ကောင်းမှု ပြုလုပ်ကာ အထက်ဗြဟ္မာဘုံ များသို့ ရောက်သွားကြသည်။
ထို့နောက် နေတစင်းမှ နှစ်စင်း၊ နှစ်စင်းမှ သုံးစင်း၊ စသည်ဖြင့် ပေါ်လာပြီး နေခုနစ်စင်း ပေါ်လာသောအခါ မြင့်မိုရ်တောင် သမုဒ္ဒရာတို့မှ စ၍ ကမ္ဘာလောကကြီး တခုလုံး မီးလောင်ပျက်စီးပြီး ဟင်းလင်းပြင်ကြီး ဖြစ်သွားသည်။

ကမ္ဘာကြီးသည် ရေဖြင့် ပျက်စီးသောအခါ ရေငန်မိုးကြီး သည်းထန်စွာ ရွာလာ၍ ထိုရငန်မိုးရေဖြင့် ထိရာထိရာ အရပ်တိုင်းသည် ကြေမွပျက်စီးသွားပြီး ဟင်းလင်းပြင်ကြီး ဖြစ်သွားသည်။

လေဖြင့်ပျက်စီးသောအခါ အလွန်ပြင်းထန်သော လေနီကြမ်းကြီး တိုက်ခတ်၍ တောတောင်သစ်ပင် စသော အရာဝတ္ထုအားလုံး ကြေမွပျက်စီးကာ ဟင်းလင်းပြင်ကြီး ဖြစ်သွားသည်။

အကြောင်းသုံးပါးဖြင့် ကမ္ဘာကြီး ပျက်စီးရာတွင် မီးကြောင့်ပျက်စီးသည့်အခါ အထက်၌ ပထမဈာန် ဗြဟ္မာဘုံ သုံးဘုံအထိ ပျက်စီးသည်။ ရေဖြင့် ပျက်စီးသည့်အခါ ဒုတိယဈာန် ဗြဟ္မာဘုံ သုံးဘုံအထိ ပျက်စီးသည်။လေဖြင့် ပျက်စီးသည့်အခါ တတိယဈာန် ဗြဟ္မာဘုံ သုံးဘုံအထိ ပျက်စီးသည်။ဘေးပတ်ဝန်းကျင်တွင်ကား တဆက်တည်း ဆက်စပ်တည်ရှိသည့် ကမ္ဘာပေါင်း ကုဋေတသိန်း တပြိုင်နက် ပျက်စီးသည်ဟု ဆိုပါသည်။

ကမ္ဘာကြီးသည် မီးဖြင့် ခုနစ်ကြိမ် ပျက်စီးပြီးနောက်၊ ရေဖြင့် တကြိမ် ပျက်စီးသည်။
ဤသို့ မီး ခုနစ်ကြိမ် ရေတကြိမ်ဖြင့် ရှစ်ကြိမ်ရှစ်လီ ပြည့်မြောက်မည့် ( ၆၄ ) ကြိမ်မြောက်တွင် လေဖြင့် တကြိမ် ပျက်စီးသည်။

ကမ္ဘာပျက်ပုံအကျယ်ကို ၀ိသုဒ္ဓိမဂ် ဒု-အုပ် ပုဗ္ဗေနိဝါသာနုဿတိ ဉာဏကထာနှင့် သင်္ဂြိုဟ် ဘုံပိုင်း အဖွင့်ကျမ်းများ၌ ရှုနိုင်ပါသည်။
.........................

ရာဇာနေဝင်း တစ်ကိုယ်တော် Live Show ခွေထွက်မည်

အနုပညာရှင်များထဲတွင် တစ်မူ ထူးခြားသော ကိုယ်ပိုင်ဟန်ပန်နှင့် သရုပ်ဆောင်မှု များကြောင့် ပရိသတ်များ ကြိုက်နှစ်သက်ခဲ့ကြသော သရုပ်ဆောင် ရာဇာနေဝင်းက သူ့ရဲ့တစ်ကိုယ်တော် Live Show ခွေကို မကြာမီ ဖြန့်ချိ ပေးသွားတော့ မှာပါလို့ The Voice ကို ပြောပါတယ်။

အဆိုပါ Live Show ခွေနဲ့ ပတ်သက်ပြီး ရာဇာနေဝင်းက“ဒီ Live Show ခွေကို ကိုယ် ကိုယ်တိုင် ဒါရိုက်တာ လုပ်ပြီး ရိုက်ထားတာပါ။ အဆိုပိုင်းကတော့ ပြီးနေပြီ။ ဟာမိုနီတွေ ဆိုဖို့ပဲ ကျန်တော့တယ်။ သီချင်းတွေ ကျတော့ Copy တွေပါပဲ။ တေးရေးတွေကတော့ စောခူဆဲ၊ စောဖိုးခွား၊ ဇဝါ၊ ဟဲလေး၊ သြရသ တို့က ရေးပေးထားတယ်။ ဒီခွေကို ပရိသတ် အတွက် အကောင်းဆုံး ဖြစ်အောင် ကြိုးစား ထားပါတယ်။ ထွက်ဖို့ကတော့ ရာသီဥတု အခြေအနေ ကောင်းတာနဲ့ ဒီတစ်လ၊ နှစ်လအတွင်း ထွက်မှာပါ”လို့ ပြောပါတယ်။

ရာဇာနေဝင်းက ပရိသတ်နဲ့ အကြာကြီး အဆက်ပြတ်နေခဲ့တာက အနုပညာ အလုပ်တွေ မလုပ်ဖြစ်ဘဲ ရပ်နားထားခဲ့တာ ကြောင့်ပါလို့ ပြောပါတယ်။ ယခုအခါမှာတော့ ပရိသတ်တွေနဲ့ ပြန်လည် ထိတွေ့ခွင့် ရဖို့အတွက် ဇာတ်ကားတွေ ပြန်ရိုက်နေကာ ဟာသဇာတ်ကား နှစ်ကား ရိုက်ကူးပြီးသွားပါပြီလို့ ဆိုပါသေးတယ်။

The Voice Weekly

မိုးပန်းပွင့်ရဲ့ သင်္ကေတရုပ်ရှင်အတွက် ကြိုတင်ရင်ခုန်နေဟု ဖွေးဖွေးဆို

လူငယ်ဆန်သော သရုပ်ဆောင်မှုများနဲ့ ဖက်ရှင် စတိုင်များကြောင့် လူငယ် ပရိသတ်များ ကြိုက်နှစ်သက်ကြတဲ့ သရုပ်ဆောင် ဖွေးဖွေးက အောင်ရဲလင်းနဲ့အတူ သရုပ်ဆောင်ရမယ့် မိုးပန်းပွင့်ရဲ့ သင်္ကေတ ရုပ်ရှင် ဇာတ်ကားအတွက် ကြိုတင် ရင်ခုန်နေတယ်လို့ The Voice ကိုပြောပါတယ်။

စာရေးဆရာမ နှင်းဝေငြိမ်းရဲ့ ဝတ္ထုကို ဒါရိုက်တာ ကိုပေါက် ရိုက်ကူးတဲ့ အဆိုပါ ဇာတ်ကားနဲ့ ပတ်သက်ပြီး “မရိုက်ကူးခင် ကတည်းက ဖွေး ကြိုတင် ရင်ခုန်နေပါတယ်။ ဇာတ်ကားက ဒရာမာ ကားလေးပါ။ ဒီကားမှာ ဖွေးရဲ့ ဇာတ်ကောင် စရိုက်က နည်းနည်း ဆိုက်ကို ဆန်တယ်။ဒီဇာတ်ကားကို
ဖွေးတို့ သရုပ်ဆောင်တွေ ဘက်ကရော၊ ဒါရိုက်တာကိုပေါက် ဘက်ကရော သေချာ ပြင်ဆင်ပြီးတော့ ရိုက်မှာပါ”လို့ ဖွေးဖွေးက ပြောပါတယ်။

လတ်တလော အနုပညာ လှုပ်ရှားမှု အနေနဲ့ကတော့ ဗီဒီယို ဇာတ်ကားတွေ ရိုက်ဖြစ်နေပြီး ဒီလကုန်မှာတော့ စာရေးဆရာမ ဆုမြတ်မွန်မွန်ရဲ့ဝတ္ထုကို ဒါရိုက်တာကိုဇော် (အရုဏ်ဦး) ရိုက်ကူးမယ့် ရုပ်ရှင်ကားမှာ စိုင်းစိုင်းခမ်းလှိုင်နဲ့ တွဲဖက် သရုပ်ဆောင် ရမယ်လို့ ဆိုပါတယ်။

ဖွေးဖွေးရဲ့ ပထမဆုံး ရုပ်ရှင်ကား ဖြစ်တဲ့ လက်ပံရုပ်ရှင်ကားကို ဇူလိုင်လ ၅ ရက်နေ့ကစပြီး ရန်ကုန်မြို့ရှိ အဆင့်မြင့် ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသ ပါတော့မယ်။ ဒီဇာတ်ကားနဲ့ ပတ်သက်ပြီးတော့လည်း ဖွေးဖွေးက သရုပ်ဆောင်သစ် တစ်ယောက် ဘဝက ရိုက်ထားတဲ့ ကားတစ်ကားဖြစ်တဲ့ အတွက် ပရိသတ်တွေ ဘယ်လို အကဲဖြတ်မလဲဆိုတာ ရင်ခုန်နေပါတယ်လို့ ပြောပါတယ်။

The Voice Weekly

နာဂရုပ်ရှင်ဇာတ်ကားအတွက် ပြင်ဆင်နေသူ နာဂတိုင်းရင်းသူ မာရီနာ

၂ဝဝ၈ခုနှစ်မှာ မော်ဒယ်သင် တန်းတက်ရင်း အနုပညာ လောကထဲကို ဝင်လာသူကတော့ နာဂတိုင်းရင်းသူ မာရီနာပဲဖြစ်ပါ တယ်။ မာရီနာဟာ ဒါရိုက်တာ ကြည်ဖြူသျှင်ရိုက်ကူးမယ့် နာဂရုပ်ရှင် ဇာတ်ကားကြီးမှာ ပါဝင်သရုပ် ဆောင်မှာဖြစ်ပါတယ်။ နာဂတိုင်း ရင်းသူတစ်ဦးအနေနဲ့ နာဂရုပ်ရှင် ကားကြီးမှာ ပါဝင်သရုပ်ဆောင်မယ့် သူမရဲ့ ရင်ခုန်သံကို “ဒီဇာတ်ကား ကြီးက ကိုယ့်လူမျိုးရဲ့ ယဉ်ကျေးမှု ဓလေ့တွေ တိုးတက်လာပြီဆိုတဲ့ အကြောင်းကို ထည့်ရိုက်မှာဆို တော့ နာဂလူမျိုးက ဟိုးတုန်းကလို မဟုတ်တော့ဘူး။ဖွံ့ဖြိုးတိုးတက် လာပြီ။ မြန်မာသာမက ကမ္ဘာမှာပါ နာဂတိုင်း ရင်းသားတွေရှိတယ်ဆိုတာ သိစေချင်တာကြာပြီ။ အခုဖော်ကျူး ရိုက်ကူးရမှာဖြစ်တဲ့အတွက် ဂုဏ်ယူ ပါတယ်” လို့ပြောပြခဲ့ပါတယ်။ဒီ ဇာတ် ကား ရိုက်ကူးဖို့အတွက် မာရီနာ အဝတ်အစားပိုင်းရော၊ စိတ်နေစိတ်ထားကိုယ်အမူအရာ နှုတ်အမူအရာ ပိုင်းတွေ ပြင်ဆင်နေပုံကို မေးကြည့် တော့ “အဝတ်အစားပိုင်းကတော့ ဘယ်လိုဝတ်ရမယ်ဆိုတာ ဒါရိုက် တာက မပြောသေးဘူး။ ပြီးတော့ အဲဒါက နာဂလူကြီးတွေနဲ့ ညှိရမယ်။ ဒါကရိုးရာ ယဉ်ကျေးမှုနဲ့ ဆိုင်သွားပြီ ဆိုတော့အမှားအယွင်းပါလို့ မရ ဘူး။ ရိုးရာယဉ်ကျေးမှုပုံစံကို ထပ် ပြီးလေ့လာရဦးမယ်။ စာအုပ်တွေ ဖတ်ပြီးလေ့လာ တယ်။ နောက် တစ်ခုက (နာဂလန်း)ဆိုတာ အိန္ဒိယ မှာရှိတယ်။ အဲဒီကို သွားလေ့လာဖို့ တော့အစီအစဉ်ရှိပါတယ်” လို့ ပြောပြ ခဲ့ပါတယ်။ ဇာတ် လမ်းတွေ ရိုက်ကူး တဲ့အခါ ရွေးချယ်ရိုက်ကူးလေ့ရှိတဲ့ မာရီနာက နာဂဇာတ်ကားကို အဓိက လက်ခံရိုက်ကူးဖြစ်သွားတဲ့ အကြောင်း ကို”မာရီနာက ဇာတ်ကားတွေ ရွေး ရိုက်တာများတယ်။ ကာရိုက်တာ တစ်ခုကို ကိုယ်နဲ့လိုက်လားအရင် စဉ်းစားတယ်။ တစ်ကားဆိုတစ်ကား ပဲ ကောင်းကောင်းေ လးရိုက်ပြီး ပရိသတ်တွေ ရင်ထဲမှာ ကျန်ခဲ့မယ့် ကားမျိုး ရိုက်ချင်တာလည်းပါတယ်။ အခုနာဂဇာတ်ကားလက်ခံဖြစ်တာက နာဂလူကြီးတွေက ဇာတ်ကားရိုက်ဖို့ ရှိတယ်။ ဒါရိုက်တာမကြည်ဖြူသျှင် နဲ့ ရိုက်မှာဆိုပြီး ကမ်းလှမ်းလာတာ လည်းပါသလို၊ နာဂဆိုတာ တချို့က မသိသေးတာ ရှိတယ်။ ဒါကြောင့် ကိုယ့်လူမျိုးကို ဂုဏ်ပြုရိုက်ဖို့အခွင့် အလမ်းရလာလို့ ဝမ်းသာအားရနဲ့ လက်ခံဖြစ်တယ်” လို့ရှင်းပြခဲ့ပါတယ်။

ထူးထူး - Popular Journal

အသက်မပြည့် ပြည့်တန်ဆာနှင့် ဆက်ဆံမှုဖြင့် ဘန်ဇီးမားနှင့် ရစ်ဘာရီ တရားစွဲဆိုခံရ

ဘိုင်ယန်မြူးနစ် တောင်ပံလူ ရစ်ဘာရီနှင့် ရီးယဲလ်မက်ဒရစ် တိုက်စစ်မှူး ဘန်ဇီးမားတို့သည် အဆိုပါ စွဲချက်အတွက် တရားရုံးတွင် ရင်ဆိုင် ဖြေရှင်းရမှုကို (၃)နှစ်ကြာအောင် ရွှေ့ဆိုင်းနိုင်ခဲ့သော်လည်း ယခုအခါတွင်မူ လက်တွေ့ ရင်ဆိုင်လာရခြင်းဖြစ် 
ပြင်သစ် လက်ရွေးစင် ဘောလုံးသမား နှစ်ဦးဖြစ်သော ဖရန့်ခ်ရစ်ဘာရီနှင့် ကီရင် ဘန်ဇီးမားတို့သည် အသက်မပြည့်သေးသည့် ပြည့်တန်ဆာ တစ်ဦးနှင့် ဆက်ဆံခဲ့မှုအတွက် တရားရုံးတွင် အစစ်ဆေး ခံခဲ့ရကြောင်း သိရှိရသည်။ ဘိုင်ယန်မြူးနစ် တောင်ပံလူ ရစ်ဘာရီနှင့် ရီးယဲလ်မက်ဒရစ် တိုက်စစ်မှူး ဘန်ဇီးမားတို့သည် အဆိုပါ စွဲချက်အတွက် တရားရုံးတွင် ရင်ဆိုင် ဖြေရှင်းရမှုကို (၃)နှစ်ကြာအောင် ရွှေ့ဆိုင်းနိုင်ခဲ့သော်လည်း ယခုအခါတွင်မူ လက်တွေ့ ရင်ဆိုင်လာရခြင်း ဖြစ်သည်။ ၎င်းတို့ နှစ်ဦးသည် အယ်လ်ဂျီးရီးယန်းနွယ်ဖွား ဇာဟီရာ ဒီဟာနှင့် ငြိစွန်းခဲ့ခြင်းအတွက် ယခုပြဿနာ ကြုံလာရခြင်း ဖြစ်သည်။

ပြင်သစ် ဥပဒေအရ အသက်မပြည့်သေးသော မိန်းကလေး တစ်ဦးနှင့် အခကြေးငွေ ပေးချေကာ ကာမဆက်ဆံခြင်းသည် မျက်ကွယ်ပြု၍ မရဘဲ ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ပြစ်ဒဏ်အဖြစ် ထောင်ဒဏ်(၃)နှစ်၊ သို့မဟုတ် ပေါင်စတာလင် (၄၀၀၀၀)ထိ ချမှတ်ခြင်း ခံရနိုင်သည်။ ဇာဟီရာသည် ယခုအချိန်တွင်မူ ကိုယ်ပိုင် အမှတ်တံဆိပ်နှင့် အမျိုးသမီး အတွင်းခံ အဝတ်အထည်များကို ရောင်းချလျှက် ရှိနေသည်။ အဆိုပါ အရှုပ်အထွေး ပေါ်ပေါက်လာခြင်းသည် (၂၀၁၀)ပြည့်နှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် ပြင်ဆင်နေသော ပြင်သစ် လက်ရွေးစင် အသင်းကို တုန်လှုပ်စေခဲ့ပြီး ထိုစဉ်က ရစ်ဘာရီရော၊ ဘန်ဇီးမားပါ ဇာဟီရာ၏ အသက်မှာ (၁၇)နှစ်သာ ရှိသေးကြောင်း မသိခဲ့ဟု ဝန်ခံထားသည်။

တရားရုံး မှတ်တမ်းများတွင် ဇာဟီရာသည် အသက်(၁၅)နှစ်နှင့် (၁၆)နှစ် အတွင်းကတည်းက ပြည့်တန်ဆာ အလုပ်ကို စတင်လုပ်ကိုင်ခဲ့ပြီး ဖောက်သည်များကိုမူ အသက်(၁၈)နှစ်ဟု လိမ်ပြောထားကြောင်း ဖော်ပြထားသည်။ သူမသည် (၂၀၀၉)ခုနှစ်က ပဲရစ်မှ မြူးနစ်သို့ လေယာဉ်ဖြင့် ပျံသန်းသွားကာ ရစ်ဘာရီ၏ အသက်(၂၆)နှစ်ပြည့် မွေးနေ့ ပါတီအတွက် ငှားရမ်းမှုကို လက်ခံခဲ့သည်။ ထိုစဉ်က ရစ်ဘာရီသည် ဇာဟီရာကို ယူရို (၇၀၀) ဝန်ဆောင်ကြေး ပေးခဲ့ကြောင်း သိရသည်။ ရစ်ဘာရီသည် အစ္စလာမ် ဘာသာဝင်အဖြစ် ကူးပြောင်းခံယူထားပြီး မိသားစုကို တွယ်တာသူ တစ်ဦးအဖြစ် အသိအမှတ်ပြု ခံထားရသူ တစ်ဦးဖြစ်သော်လည်း ဇာဟီရာ ကိစ္စကြောင့် ဝေဖန်မှုများနှင့် ကြုံတွေ့ခဲ့ရသည်။

ရစ်ဘာရီကမူ မိမိသည် ဇာဟီရာကို အသက်မပြည့်ကြောင်းရော၊ ပြည့်တန်ဆာ တစ်ဦးဟုပါ မသိခဲ့ဘဲ လေဆိပ်ထိ တက္ကစီ စီးသွားရန် ယူရို(၂၀၀)သာ ပေးအပ်ခဲ့ကြောင်း ပြောဆိုထားသည်။ ရစ်ဘာရီ၏ ရှေ့နေဖြစ်သူ ကားလို့စ် အယ်လ်ဘာတို ဘရူဆာက မိမိ၏ အမှုသည်မှာ အပြစ်ကင်းသော်လည်း ယင်းကို တရားခွင်တွင် လက်တွေ့ ထုတ်ပြနိုင်ရန် ကြိုးစားမည်ဟု ဆိုသည်။ "ပြင်သစ် ဥပဒေမှာ မိန်းကလေး တစ်ယောက်နဲ့ ချစ်တင်းနှီးနှောပြီး ဒီအတွက် ငွေကြေးပေးချေတယ် ဆိုတာမျိုးကို တားမြစ်မထားဘူး။ တားမြစ်ထားတဲ့ အချက်ကတော့ အသက်မပြည့်သေးဘူး ဆိုရင် လက်ခံလို့ မရဘူး ဆိုတာပဲ။ ဒါပေမဲ့ ဥရောပ တလွှားကို လေယာဉ်နဲ့ လျှောက်သွားနေတဲ့ မိန်းကလေး တစ်ယောက်ကို အသက်မပြည့်သေးဘူးလို့ ဘယ်သူက အသက်မပြည့်ဘူးလို့ ထင်မှာတဲ့လဲ"ဟု ၎င်းက ထောက်ပြခဲ့သည်။

ဘန်ဇီးမားသည် (၂၀၀၈)ခုနှစ်၊ မေလက ဒီဟာတွင် ဇာဟီရာနှင့် ဆုံဖူးပြီး ယူရို(၅၀၀) ပေးချေကာ ပျော်ပါးဖူးကြောင်း စွပ်စွဲခံထားရပြီး ယင်းကို ကစားသမားက ငြင်းဆိုထားသည်။ ပြင်သစ်တွင် အမျိုးသမီးများ အရွယ်ရောက်သည့် အသက်အရွယ်ကို (၁၅)နှစ်ဟု သတ်မှတ်လက်ခံ ပေးထားသော်လည်း ပြည့်တန်ဆာ အလုပ်ဖြင့် အသက်မွေးမှုကိုမူ အသက်(၁၈)နှစ် မတိုင်မီ ပြုလုပ်ပါက ရာဇဝတ်မှုအဖြစ် သတ်မှတ်နိုင်ကြောင်း သိရှိရသည်။

Source: DailyMail

Planet Myanmar Network

Related Posts Plugin for WordPress, Blogger...

Online Readers:

နိုင်ငံတကာ ရုပ်သံ သတင်းများ ကြည့်ရန် ကလစ်ပါ

Twitter Delicious Facebook Digg Stumbleupon Favorites More